အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အုပ်စု လာမည်

ဂျက်ဖရီဂေါ့ဒတ်
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)
အမေရိကန်နိုင်ငံမှအဖွဲ့တစ်ဖွဲ့ဖြစ်သည့်
Business Executives for National Security (BENS)
၏စီစဉ်မှုဖြင့် ထင်ရှားသည့် အမေ ရိကန်စီးပွားရေးလုပ်ငန်းရှင်အုပ်စုတစ်စုသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာလာရောက်မည် ဖြစ်သည်။
အဆိုပါအဖွဲ့ကို တည်ထောင်သူ ဥက္ကဋ္ဌ
Mr Stanley Weiss
သည် အမေရိကန်ထိပ်တန်း ကော်ပိုရေးရှင်းကြီးများ၏ လက်ရှိနှင့်ယခင် ခေါင်းဆောင် ၁၄ ဦးပါဝင်သည့်အဖွဲ့ကို ခေါင်းဆောင် လာမည်ဖြစ်ကာ ယခုလ ၃၁ ရက်နေ့တွင် ၎င်းတို့၏ခရီးစဉ်ကို စတင်မည်ဟု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ညတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာအတူ သုံးဆောင်ရင်း ဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
Mr Weiss
သည် သတ္တုတူးဖော်ထုတ် လုပ်ရေးနှင့် ဓာတုလုပ်ငန်းများ လုပ်ကိုင်သည့်
American Premier
၏ ဥက္ကဋ္ဌဟောင်းဖြစ်ကာ BENS ကို ၁၉၈၂ ခုနှစ် တွင် တည်ထောင်ခဲ့သည်။
အဖွဲ့၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ အဖွဲ့သည် ပါတီစွဲမထားဘဲ အမေရိကန် နိုင်ငံ၏ အမျိုးသားရေးအကျိုးစီးပွား အတွက် မှန်ကန်သည့်စီးပွားရေးကျင့်စဉ် များကိုဖြန့်ဝေရန် ကုမ္ပဏီအမှုဆောင်များဖြင့် ဖွဲ့စည်းထားသည်။
Mr Weiss
သည် ပြည်သူ့ရေးရာ ပေါ်လစီနဲ့ ပတ်သက်သည့်အကြောင်း အရာများကို နိုင်ငံတကာစာစောင်များ ဖြစ်သည့်
International Herald Tribune ၊ The New York Times ၊ The Wall Street Journals
နှင့်
The Washington Post
တို့တွင် ကျယ်ကျယ် ပြန့်ပြန့် ရေးသားနေသူလည်း ဖြစ်သည်။
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက
International Herald Tribune
တွင် ၎င်းရေးသားခဲ့သည့်ဆောင်းပါး တစ်စောင်တွင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့ထားမှုကို ဝေဖန်ခဲ့သည်။

No comments:
Post a Comment